| အထူးဆန်းဆုံးအရာ |
|
|
|
| ဓမ္မစာပေများ - ကဗျာများ |
| Wednesday, 24 February 2010 03:59 |
|
ကမ္ဘာမှာ အဆန်းဆုံးအရာ ? အဖြေတွေက အများအပြား ဘလော့ဂ်တွေမှာလည်း မရှားပါး ဒို့ရဲ့ဘုရား ဟောခဲ့တာက တိရစ္ဆာန်တွေ သဏ္ဌာန်စုံနေလည်း စိတ်သည်သာလျှင် အဆန်းတကာ့အဆန်း တဲ့။
သူငယ်ချင်းရေ… စိတ်တွေဆန်းတော့ ကံတွေကွဲ ကံတွေကွဲတော့ ပုံစံမမြဲ ပုံစံမမြဲတော့ အခေါ်အဝေါ်ခွဲ အခေါ်တွေခွဲတော့ ဆန္ဒကလွဲ - ဒီလိုနဲ့ ဂတိတွေပါဆန်း… အရင်းစစ်တော့ အပြစ်က စိတ် အနှစ်ချုပ်တော့ အရှုပ်က ကံ။
တွေးကြည့်စမ်းပါ သူငယ်ချင်း… မလွန်ဆန်သရွေ့ သောကတမြေ့မြေ့ မေ့လျော့အပူခံ လှမ်းကြတာလည်း ကြမ္မာတစ်ကွေ့မဟုတ် သံသရာအပြည့် စိတ်ဆောင်နေသရွေ့ ချမ်းသာမတွေ့ လမ်းကောင်းမွေ့ချင် ခေါင်းဆောင်ပြောင်းမှ အတွေးဟောင်းတွေလည်း ရပ်ကြမှလေ။
သူငယ်ချင်းလည်း သိမှာပါ… ခေါင်းဆောင်သစ်က ပညာဆိုတာ စွမ်းဆောင်သူ၊ ပါရဂူတွေလည်း ပညာမရှိ ၀ိတက်တွေကို ပညာနဲ့လွဲပြီး ပညာရှင်အမည်ပေါက်သူတွေလည်း များစွာ အမှန်က… ရုပ်နာမ် လက္ခဏာမြင်မှ ပညာ ဖြစ်ပျက်သိလေ ပညာရှိလေပါပဲ။
ဒီတော့ သူငယ်ချင်းရေ… ဖိနှိပ်ဖို့ခက် လွတ်ထွက်တတ်တဲ့ (စိတ်ကို) ပညာလက်နက်နဲ့ ဆုံးမတိုက်ဖျက် အဆန်းအပြားမှာ မကျက်စားစေဘဲ အထူးအဆန်းကို ကျော်လွန်လှမ်းနိုင်မှ ပညာရှင် ပညာရှိဘ၀နဲ့ (ဒို့တတွေ) စိတ်ချလက်ချ ထောက်ရာရမှာမို့ ဉာဏ်မှောင်ကိုခွင်း ပညာအလင်းနဲ့ အ၀ိဇ္ဇာကင်းကင်း သတိကပ်ရင်း စိတ်ပါ ခါရှင်းလိုက်ကြစို့လေ…။ ဓမ္မရနံ့
|



ဒီမှာ သူငယ်ချင်း…





