Wednesday 8th of September 2010
|
ဓမ္မစာပေများ -
ကဗျာများ
|
|
Saturday, 14 November 2009 05:05 |
|

ရိုင်းစိုင်းတဲ့ အပြုအမူ
ငြူစူရွဲ့ မျက်နှာထား
စကားက မောက်မာ
ကောက်ဖြာပဲ့ စိတ်ထားနဲ့
လှည့်စားလို့ ကတိပျက်
မကျေနပ်စရာ ကြုံလာမှ
ပုံကာချ သူတစ်ပါးကို
အပြစ်ရှာ ဆဲဆိုကြ...။
လွှဲမရ တရားခံရှာ
တွေ့တာက လောကကြီး
'လောကကြီးက မတရားဘူး'တဲ့ ...
နင့်နင့်သီးသီး ဝေဖန်
အချောင်ခံရ လောကကြီး
လောင်ပြာကျ ဒေါသမီးတွေနဲ့
အမှောင်စံကြတဲ့ လူသားတွေ
ခြူလားလေ အောက်မေ့ရ...။
မမြင်ကြ ကိုယ့်အတိတ်ကံ
စိတ်ထန်ကာ ဒေါပွတော့
မောဟက ပိတ်ခံဆီး
လောကကြီးမှာ နားငြီးရ
ခါးသီးလှ ပဲ့တင်သံ
ကိုယ့်ထံအမှန် ပြန်လာကာမှ
လက်မခံပါ ငြင်းဖျက်မရ
တင်းကြပ်တဲ့ သက်ပြင်းသံ...။
ရှင်းမရတဲ့ လောကဓံမှာ
ကိုယ်ပေးတာ ကိုယ်ရ
ကိုယ်ချသလို ကိုယ်သိမ်း
ချိုငြိမ်းတဲ့ ပဲ့တင်သံ
ကြားချင်ပြန် ဘယ်လိုများ
သိပြီးသား အမှန်တရားပေမို့
သတိထားကာ သံသာယာဝေ
ခုပဲမကြာ ကြူးရင့်ကြည့်လေ။
ဓမ္မရနံ့
|
အခံခိုင်းလိုက်ပါ
ခက်အောင်မလုပ်နဲ့
ကာလတို့၏လွတ်ရာဆီသို့
ခံစားမှဝေဒနာ
ဘာအကောင်းဆုံးလဲ
မဆုံသောလမ်းများ
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့အရာတွေကို အဆင်း၊ အသံ စတာတွေက လာလာတိုက်ကြလို့ အခံဓာတ်တွေလို့ ခေါ်ပါတယ်။ မိမိတို့အနေနဲ့ ရှားရှားပါးပါး လူ့ဘ၀လေးရထားတုန်းမှာ အဲဒီအခံဓာတ်တွေကို သူတို့ဖြစ်ချင်တာတွေချည်း အလိုမလိုက်ဘဲ တဏှာကိုဆန့်ကျင်ပြီး ပညာနဲ့ ခိုင်းဖြစ်လိုက်ဖို့ အရေးကြီးပါတယ်။
ကိုယ့်ကိစ္စတွေ လွယ်လွယ်ကူကူ အောင်မြင်တာကို ကြိုက်တယ်ဆိုရင် သူများကိစ္စတွေကိုလည်း လွယ်ကူအောင် တတ်နိုင်သလောက် ကူညီရပါမယ်။ လွယ်နေတာတွေကို ခက်သယောင် မလုပ်သင့်ပါဘူး။ သူများခက်နေတာတွေကို လွယ်ကူစေတဲ့ စေတနာကံတွေက ကိုယ့်အတွက် နေရာတိုင်းမှာ လွယ်ကူစေပါတယ်။ နောက်ဆုံး တရားရှာရင်တောင် 'လွယ်ကူသောအကျင့် လျင်မြန်သောအသိညဏ်'တွေနဲ့ အောင်ပန်းကို လက်လှမ်းနိုင်မှာပါ။
ိနိဗ္ဗာန်ဆိုတာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါးကလွတ်တဲ့ အမှန်တကယ်ရှိတဲ့ ကာလဝိမုတ်တရားပါ။ ဒီနိဗ္ဗာန်ကို ရောက်ဖို့ဆိုရင် တကယ်မဟုတ်တဲ့ ပညတ်တွေကို ခွါချ၊ အမှန်တကယ်ရှိတဲ့ ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်ကို အတိတ်လည်း မပြန်၊ အနာဂတ်လည်း မကြံဘဲ ပစ္စုပ္ပန်တည့်တည့် ရှုပြီးသိနိုင်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။
ဝေဒနာဆိုတာ စိတ်ဖြစ်တိုင်း လိုက်ဖြစ်နေတတ်တဲ့ အချိန်တိုင်းရှိတဲ့ တရားပါ။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာ ‘ဝေဒနာ ပစ္စယာ တဏှာ’ လို့ ဟောထားပါတယ်။ တဏှာငြိမ်းရင် ခန္ဓာဇာတ်သိမ်းပြီမို့ မိမိတို့အနေနဲ့ ဘာဝေဒနာပေါ်ပေါ် လိုက်ခံစားမနေဘဲ ဝေဒနာနုပဿနာရှုပြီး တဏှာရဲ့အမြစ် ဝေဒနာကို ခွဲစိတ်ဖြတ်တောက် ပယ်ရှားပစ်တတ်ဖို့ လေ့ကျင့်ထားရပါမယ်။
သူတစ်ပါးကိုထိခိုက်အောင် လုပ်တာထက် မထိခိုက်အောင် လုပ်ခြင်းကကောင်းတယ်။ သူတစ်ပါးကို မထိခိုက်အောင် လုပ်တာထက်သူတစ်ပါးအကျိုးစီးပွားဖြစ်အောင် လုပ်ပေးတာကပိုကောင်းတယ်။ သူတစ်ပါးရဲ့ အကျိုးစီးပွားဖြစ်အောင်လုပ်ရင်းမိမိရဲ့ အကျိုးစီးပွားလည်းတိုးပွါးစေတာကတော့ပိုကောင်းတာပေါ့။သူတစ်ပါး ကိုနိဗ္ဗာန်ဆော်လုပ်ရင်း
ကိုယ်ကိုယ်တိုင်နိဗ္ဗာန်ရအောင် အားထုတ်နိုင်ခြင်းကတော့ အကောင်းဆုံးပါပဲ။
'အညာဟိ လာဘူပနိသာ၊ အညာနိဗ္ဗာန ဂါမိနီ'
လာဘ်ရကြောင်းက တစ်လမ်း၊ နိဗ္ဗာန်ရောက်ကြောင်းက တစ်လမ်းလို့ ဘုရားရှင် ဟောထားပါတယ်။ ဒီတော့ ဘာပဲလုပ်လုပ် လောကီအကျိုးလောက်ကိုပဲ ရည်ရွယ်ပြီးလုပ်မယ်ဆိုရင်တော့ လောကီနယ်ထဲက ဘယ်တော့မှ ထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သံသရာ ဝဋ်ဆင်းရဲကနေ လွတ်မြောက်ပြီး နိဗ္ဗာန်ရချင်ရင် ဘာပဲလုပ်လုပ် ဝိပဿနာရှု လောကီကျိုးတွေ ဥပေက္ခာပြုပြီး မဂ်လမ်းကြောင်းကနေ မဖဲ့မစောင်း လျှောက်ဖို့ပါပဲ။