Wednesday 8th of September 2010

လိုတရ PDF Print E-mail
ဓမ္မစာပေများ - ဆောင်းပါးများ
Monday, 14 December 2009 13:34

AN7FWA-still-life_of_a_pink_flower_on_a_blue_spoonလိုတဲ့နေရာမှာ လိုသလို ဖြည့်ဆည်းပေးခြင်းဟာ ဘယ်လောက် အကျိုးများတယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ မလိုတာတွေကို ဖြည့်မိပြီး အကျိုးရှိသင့်သလောက်မရှိ အလကားနီးပါး ဖြစ်သွားရတာတွေလည်း မနည်းလှပါဘူး။

မဆာတဲ့သူတွေ၊ စားစရာပေါတဲ့သူတွေ၊ ပြည့်စုံလွန်းတဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဖိတ်ကြားကျွေးမွေး လက်ဆောင်ပေး ဂုဏ်ယူတတ်ကြပါတယ်။ တကယ်ဆာ၊ တကယ်လိုအပ်နေတဲ့ သူတွေကိုတော့ သီးသန့်မဟုတ်တောင် ကိုယ်စားမယ့်၊ ကိုယ်သုံးမယ့်အထဲက နည်းနည်းလောက် ဖဲ့ကျွေးလိုက်ဖို့၊ ပေးလှူလိုက်ဖို့ သတိရသူ ရှားလှပါတယ်။ လိုအပ်လွန်းလို့၊ ဆာလွန်းလို့ လာတောင်းရင်တောင် ရွံရွံရှာရှာနဲ့ မောင်းထုတ်ခိုင်းမိကြပါတယ်။

`သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ငွေထောင်သောင်းချီ ဖြုန်းသုံးစားသောက် ပျော်ပါးပစ်လိုက်ဖို့ ၀န်မလေးပေမယ့် လမ်းပေါ်က အိုကြီးအိုမ သူတောင်းစားတစ်ယောက်ကိုတော့ မိဘချင်း ကိုယ်ချင်းစာပြီး ရာဂဏန်းလောက်တောင် မလှူဖူး၊ လှူဖို့လည်း အာရုံမရှိဖူးသူတွေ အများကြီးပါ။ လွတ်လွတ်စွန့်ကြဲဖို့ထားလို့…။ သံသရာမှာ ကိုယ်လည်း သူတို့နေရာ ရောက်နိုင်တယ်။ အဲဒီ့ကျရင် တူသောအကျိုးလေး ပြန်ခံစားရအောင် လှူလိုက်ပါဦးမယ်လို့တောင် မတွေးဖြစ်ပါဘူး။ သတိပေးရင်တောင် ကျိန်စာတိုက်တယ် ထင်မလားမသိ။

ကုန်တိုက်ကြီးတွေမှာ ဈေးကြီးလှတဲ့ ပစ္စည်းတွေကို ဈေးနှုန်းကပ်ထားသလောက် ရက်ရောစွာ ၀ယ်ဖြစ်ကြပေမယ့် လမ်းဘေးက ဟင်းရွက်သည်ကိုတော့ မရမက ကပ်သပ်ဆစ်နေတဲ့သူတွေကိုလည်း မြင်ဖူးကြမှာပါ။ ၀ယ်ရတာချင်းအတူတူတောင် ကုန်တိုက်က ဆစ်မရတဲ့ ပစ္စည်းကိုတော့ ငါ့ပစ္စည်းက ဘယ်လောက်တန်ကွလို့ ဈေးကြီးကြောင်း၊ ဟင်းရွက်ကိုကျတော့ ငါက ဘယ်လောက်လေးနဲ့ ရခဲ့တာလို့ ဈေးနည်းကြောင်း (ဈေးချိုကြောင်း) ကြွားဝါလိုက်ပါသေးတယ်။ ကုန်တိုက်က ပစ္စည်းတစ်ခုရဲ့အမြတ်က ဟင်းရွက်သည်လေးတွေရဲ့ ဆယ်ရက်စာ အမြတ်မကပါလား။ သူတို့ကမှ တကယ်လိုအပ်နေသူများပါလားလို့ သတိရမိသူ ရှားပါလိမ့်မယ်။

အာကာသကို အပြိုင်အဆိုင် အပန်းဖြေ အလည်ခရီး လိုက်သွားတဲ့ ကမ္ဘာ့သူဌေးကြီးတွေရဲ့ ဒေါ်လာသန်းပေါင်းများစွာကို တကယ်ကို ဆင်းရဲငတ်မွတ်နေတဲ့သူတွေကို လှူလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ....။ ဒါပေမယ့် သူသူကိုယ်ကိုယ် ပုထုဇဉ်တွေချည်းပဲမို့ ပါရမီမြောက်တဲ့ ဒါနမျိုးစေ့နဲ့ မနီးတာလည်း အပြစ်ဆိုစရာ မရှိပါဘူး။ ကိုယ်လည်း သူတို့လို သူဌေးကြီးဆိုရင် အပန်းဖြေခရီး သွားမှာလား၊ အကောင်းဆုံးဆိုတာတွေနဲ့ချည်း ဖြုန်းတီးဇိမ်ခံပစ်လိုက်မှာလား၊ လိုအပ်သလောက်ပဲသုံးပြီး ပေးလှူပစ်လိုက်မှာလား…။ နောက်ဆုံးအချက်နဲ့တော့ သိပ်မနီးစပ်ဘူး ထင်ပါတယ်။

ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ သတ္တ၀ါတွေဟာ ဒါနရဲ့အကျိုးကို ငါဘုရားလိုသာ သဘောပေါက်ကြမယ်ဆိုရင် မလှူဘဲ ဘာကိုမှ စားမှမဟုတ်ဘူး။ စိတ်ထဲမှာလည်း ငြူစူမိတာတွေ၊ နှမြောမိတာတွေ ရှိမှာမဟုတ်ဘူး။ အလှူခံသာရှိမယ်ဆိုရင် ပါးစပ်နားရောက်နေတဲ့ ထမင်းလုပ်ကိုတောင် မစားဘဲ လှူကြလိမ့်မယ်။ မလှူဖြစ်ကြတဲ့အကြောင်းက နှမြောလို့နဲ့၊ လှူဖို့သတိမရလို့ (လှူရကောင်းမှန်း မသိလို့) ပါတဲ့။ မိမိတို့အနေနဲ့ အမှောင်ထဲကပဲ လာလာ၊ အလင်းထဲကပဲ လာလာ ရှေ့ဆက်ရမယ့်ခရီးကို အလင်းပဲဖြစ်စေဖို့ ကိုယ်လက်လှမ်းမှီရာ ပတ်ဝန်းကျင်မှာ လိုအပ်ချက်လေးတွေ၊ ဖြည့်နိုင်မှာလေးတွေ ရှာကြည့်ဖို့ လိုပါတယ်။

လိုချင်မှု တဏှာမကင်းတဲ့ လောကကြီးမှာ တစ်ခုခုကတော့ အမြဲလိုအပ်နေမှာပါဘဲ။ လိုချင်တာမျိုးမဟုတ်ဘဲ လိုအပ်နေတဲ့ နေရာလေးတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ပါပဲ။ ဘာလိုတယ် မလိုဘူး ခွဲခြားသိဖို့ဆိုတာ ဉာဏ်က အရေးအကြီးဆုံးပါ။ အသိဉာဏ်မယှဉ်တဲ့ လှူဒါန်းပေးကမ်းမှုတွေ လောကမှာ အလွန်ပေါလှပါတယ်။ ဗေဒင်၊ ယတြာသဘောအရ မလိုအပ်တာတွေ၊ အလှူခံနဲ့ မသင့်လျော်တာတွေ၊ သုံးမရတာတွေ လျှောက်လှူနေကြတာ မြင်နေကြားနေကြမှာပါ။ ဉာဏ်မပါတဲ့အတွက် သူများလိုတာ ဖြည့်ဖို့ထက် ကိုယ်လိုတာ ပြည့်ဖို့ကိုပဲ ကြိုးစားနေမိတာပါ။

မှန်နဲ့တူတဲ့ သံသရာမှာ သူများ မလိုတာတွေ ဖြည့်ရင် ကိုယ်လည်း မလိုတာတွေ ပြည့်မယ်။ ကိုယ်လိုတာ ပြည့်ဖို့ဆိုရင် သူများလိုတာ ဖြည့်မှရမယ်လို့ သဘောပေါက်ရင်…၊ အားလုံးကို မဖြည့်စွမ်းနိုင်ပေမယ့် ကိုယ်တစ်နိုင်လေး ဖြည့်ဆည်းသွားမယ်လို့ ရည်ရွယ်ထားရင်တော့ မလိုတာတွေကို မပိုမိစေပဲ လိုတာကို လိုတဲ့အချိန်မှာ ဖြည့်ရင်းက လိုတရကြမှာပါ…။

ဓမ္မရနံ့

ရေးသားမှုများ
အသစ်ရေးမယ်ဆိုရင် ရှာဖွေရန်
+/-
မှတ်ချက်ရေးသားရန်
နာမည်:
အီးမေးလ်:
 
ဆိုဒ်အမည်:
ခေါင်းစဉ်:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."